Thursday, October 24, 2013

နောက်ပြန်ကိန်း


ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတစ်ခုမှာ အကြံပေးပုဂ္ဂိုလ်အဖြစ်
တာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်ဟာ ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူကို
အရမ်းချစ်တတ်သူလို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တယ်။

ကျွန်တော့်ရဲ့နေ့စဉ်အလုပ်က ဟောင်ကောင်နဲ့အမေရိကန် စတော့ပ်ဈေးကွက်တွေနောက်
လိုက်တဲ့အလုပ်ဖြစ်တယ်။ ကျွန်တော့်ဘ၀အချိန်တစ်ဝက်ကို စတော့ပ်ဈေးကွက်တွေထဲ
မြှုပ်နှံထားခဲ့တယ်။ ကျွန်တော်ရဲ့အားလပ်ချိန်တွေကို မိသားစု၊ ချစ်သူ၊
သူငယ်ချင်းမိတ်ဆွေတွေအတွက် ကျွန်တော်ချန်ထားပါတယ်။
"ချစ်တာနောက်ကျသွားတယ်"လို့ထင်ပြီး မိသားစု၊ ချစ်သူအတွက် အားနာတဲ့မျက်ရည်တွေ
ကျွန်တော့်ပါးပေါ်စီးကျခဲ့ဖူးတယ်။ ဒါပေမယ့် မျက်ရည်တွေမခြောက်ခင် "အနာဂတ်"အတွက်
ကျွန်တော်လှုပ်ရှားရပြန်တယ်။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေကို
ကျွန်တော်လျစ်လျူရှူခဲ့မိပြန်တယ်။

အိမ်တစ်ခေါက်ပြန်ဖို့ ကျွန်တော်အချိန်မပေးနိုင်ခဲ့ဘူး။ ချစ်သူဆေးခန်းပြဖို့
ကျွန်တော်အဖော် မလုပ်နိုင်ခဲ့ဘူး။ အဲဒီအတွက် အဖိုးတန်တဲ့အချိန်နဲ့ ကျွန်တော်တို့
စစ်အေးခင်းခဲ့ကြတယ်။ ဒါကို ကျွန်တော့်မိဘ၊ ကျွန်တော့်ချစ်သူ၊
သူငယ်ချင်းမိတ်ဆွေတွေ ကျွန်တော့်ကိုနားလည်ကြမယ်လို့ ကျွန်တော်ထင်ခဲ့တယ်။

မကြာခင်မှာပဲ ကျွန်တော့်မွေးနေ့ရောက်တော့မယ်။ မွေးနေ့ကို ကျွန်တော်တစ်သက်
မမျှော်လင့်ခဲ့ဖူးဘူး။ မွေးနေ့ပွဲကျင်းပဖို့ ဘယ်လိုမှ မထိုက်တန်လို့ဖြစ်တယ်။
မွေးနေ့မှာ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် ကျွန်တော်နေချင်မိတယ်။ ဒီလိုနဲ့
ကျွန်းလေးတစ်ခုမှာ ဆိတ်ငြိမ်တဲ့မွေးနေ့ကို တစ်ယောက်ထဲဖြတ်ကျော်ဖို့
ကျွန်တော်ဆုံးဖြတ်လိုက်တယ်။

ညအချိန် ဘန်ဂလိုရဲ့ဝရန်တာမှာ ကျွန်တော်တိတ်တဆိတ်ထိုင်နေခဲ့တယ်။ ဆားဓာတ်ပါတဲ့
လေညင်းထဲ ကျွန်တော့်တစ်ကိုယ်လုံး နစ်ထားလိုက်တယ်။ လောကကြီးတစ်ခုလုံး
ငြိမ်သက်လို့နေတယ်။ ရုတ်တရက် မှုန်ဝါးဝါးကျွန်တော့်အသိထဲမှာ သူစိမ်းတစ်ယောက်ရဲ့
စကားသံကို ကြားလိုက်မိတယ်။ သေချာနားထောင်လိုက်တော့ ကျွန်တော်ကို
သူစကားပြောနေတာဖြစ်တယ်။

"..... သူငယ်၊ ဒီနေ့ မင်းရဲ့မွေးနေ့မှာ မင်းကို ထူးခြားတဲ့လက်ဆောင်တစ်ခု
ကျုပ်ပေးချင်တယ်။ ဘာဖြစ်ဖြစ် မင်း တောင်းဆိုနိုင်တယ်"

ကျွန်တော်အိပ်မက်မက်နေပြီး နတ်တစ်ပါးနဲ့ ကျွန်တော်စကားပြောနေတယ်လို့ ထင်မိတယ်။
ကျွန်တော်တစ်ချက်ပြုံးလိုက်ပြီး

"နတ်မင်းလား? ဘာဖြစ်ဖြစ် ကျွန်တော်တောင်းဆိုနိုင်လား?"

"တောင်းဆိုနိုင်ပါတယ်"

"ဒီလိုဆိုရင် မျက်လုံးတစ်စုံကို ကျွန်တော်လိုချင်ပါတယ်။ စတော့ပ်ဈေးကွက်တွေ
ဈေးတက်မယ့်အချိန်ကို မြင်နိုင်တဲ့ မျက်လုံးတစ်စုံလိုချင်တယ်"

"ကောင်းပြီ။ မင်းဆန္ဒပြည့်စေရမယ်"

အိပ်မက်ကနိုးလာသည့်တိုင် ကျွန်တော်ပြုံးနေတယ်။

နောက်တစ်နေ့ အလုပ်ခွင်ဆီ ကျွန်တော်ပြန်လာခဲ့တယ်။ တက်နေတဲ့ စတော့ပ်တွေကို
ကြည့်ပြီး "ဘယ်နှစ်ရက် ဆက်တက်နိုင်ဦးမလဲ" လို့ ကျွန်တော်စိတ်ထဲ တွေးနေခဲ့တယ်။
အဲဒီမှာ ရုတ်တရက် "၃"ဂဏန်းတစ်ခု လင်းလက်လာတာကို ကျွန်တော်တွေ့လိုက်တယ်။
၃ရက်နေပြီးနောက် စတော့ပ်ဈေးတွေ ကျလာတယ်။ ဒါဟာ နတ်မင်းတကယ်ပေးခဲ့တဲ့
ကျွန်တော့်မွေးနေ့လက်ဆောင်လား?

နတ်ပေးတဲ့"မျက်လုံး"နဲ့ စတော့ပ်ဈေးကွက်တော်တော်များများကို
ကျွန်တော်အောင်နိုင်ခဲ့တယ်။ ဒါပေမယ့် မိသားစုနဲ့ချစ်သူကို ကျွန်တော်မတွေ့တာ
ကြာခဲ့ပြီ။

ဒီနေ့ ကျွန်တော်အိမ်ပြန်ဖြစ်တယ်။ အိမ်တံခါးကိုတွန်းဖွင့်ပြီး ကိုယ့်အခန်းထဲ
ကျွန်တော်တန်းတန်းမတ်မတ် ၀င်သွားတယ်။ ကျွန်တော့်နောက်မှာ မေမေရဲ့ "မနက်ဖြန်
သားဖေဖေရဲ့ မွေးနေ့နော်၊ သား ထမင်းပြန်လာစားနိုင်လား?" ဆိုတဲ့အသံက
လိုက်ပါလာတယ်။ မေမေ့အသံအဆုံးမှာ ဖေဖေက အလျင်စလိုနဲ့ "မလိုဘူးသား၊
သားပြန်လာစရာမလိုဘူး။ သားလုပ်စရာရှိတာလုပ်ပါ" လို့ ပြောတယ်။

အလုပ်အိတ်ကို ချပြီး ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ဖေဖေဆီ ကျွန်တော်လျှောက်သွားတယ်။


"ပြန်လာနိုင်ရင် သား ပြန်လာ......."

စကားကိုဆုံးအောင် ကျွန်တော်မပြောနိုင်ခဲ့ဘူး။ ရုတ်တရက် ဖေဖေ့ခေါင်းပေါ်မှာ
"၃၅"ဆိုတဲ့ ကိန်းတစ်ခု လင်းသွားတာကို ကျွန်တော်တွေ့လိုက်တယ်။ ကျွန်တော်
တဒင်္ဂမင်သက်သွားခဲ့တယ်။ အဲဒီနောက် အခန်းထဲ ကျွန်တော်နှေးနှေး ကွေးကွေး
ဝင်ခဲ့တယ်။ ၃၅ရက်နေပြီးရင် ဖေဖေ............

ဖေဖေရဲ့မွေးနေ့မှာ ကျွန်တော်အတတ်နိုင်ဆုံး အလုပ်တွေကို လက်စသတ်ပြီး
အိမ်ပြန်ခဲ့တယ်။ ကျွန်တော် အိမ်ရောက်တဲ့အချိန် ဖေဖေအိပ်နေခဲ့ပြီ။ အခန်းထဲမှာ
ကလေးငယ်တစ်ယောက်လို ကျွန်တော်အော်ငိုမိတယ်။

၃ရက်နေပြီး အလုပ်ကို ကျွန်တော်ခွင့်တင်လိုက်တယ်။ ပြီးတော့ မိဘတွေနဲ့အတူ
မနက်စာစားဖြစ်တယ်။ ဖေဖေရဲ့ခေါင်းပေါ်မှာ "၃၄"ဆိုတဲ့ကိန်းကို လင်းခနဲ
ကျွန်တော်တွေ့လိုက်တယ်။ ဖေဖေကို ကျွန်တော်တွေ့နိုင်တဲ့နေ့ရက်တွေ
ဒီလောက်ရက်လေးပဲ ကျန်တော့တယ်။ မေမေ့ဘက်ကို ကျွန်တော်ဖြေးဖြေးလေး
လှည့်ကြည့်လိုက်တယ်။ မေမေ့ခေါင်းပေါ်မှာလည်း "၄၅"ဆိုတဲ့ဂဏန်းကို
ကျွန်တော်တွေ့လိုက်တယ်။ တကယ်တော့ မိသားစုနဲ့ကျွန်တော်နေထိုင်နိုင်မယ့်ရက်တွေက
တဖြေးဖြေး ရက်ရက်စက်စက် နောက်ပြန်ရေတွက်နေခဲ့ပါပြီ။ ကျွန်တော့်ရင်ဘတ်တစ်လုံး
အောင့်တက်လာတယ်။ နာကျင်လာတယ်။

တနင်္ဂနွေနေ့မှာ ကျွန်တော်ရဲ့ဥပေက္ခာပြုခံထားရတဲ့ ချစ်သူဆီက ဖုန်းကို
ကျွန်တော်ရလိုက်တယ်။ ကျွန်တော့်ကို ချစ်သူက တွေ့ချင်ပါတယ်တဲ့။ ဆိုင်တစ်ဆိုင်မှာ
ကျွန်တော်တို့ ချိန်းလိုက်ကြတယ်။ အဲဒီဆိုင်က အစားအစာတွေကို
ချစ်သူအရမ်းကြိုက်မှန်း ကျွန်တော်သိတယ်။ ဒါပေမယ့် သူနဲ့အတူစားသောက်ဖို့ အရင်က
ကျွန်တော်အချိန်မပေးနိုင်ခဲ့ဘူး။ ကျွန်တော်ရောက်ပြီး နာရီဝက်အကြာမှာ ချစ်သူကို
ဆိုင်တံခါးဝမှာ ကျွန်တော်တွေ့လိုက်တယ်။ ချစ်သူရဲ့ဦးခေါင်းထက်မှာ "၁"ဂဏန်းကို
ကျွန်တော်တွေ့လိုက်သလို ချစ်သူဘေးမှာလည်း "သူ"တစ်ယောက်ကို တွေ့လိုက်တယ်။
အဲဒီနောက်ပိုင်း ချစ်သူကို ကျွန်တော်လုံးဝ မတွေ့ခဲ့ရတော့ပါဘူး။

တစ်ပတ်နေပြီးနောက် အလုပ်ကနေ ကျွန်တော်ထွက်စာတင်လိုက်ပြီး အိမ်သူ၊ အိမ်သား
မိသားစုဘေးမှာပဲ အတတ်နိုင်ဆုံး ကျွန်တော်နေခဲ့တယ်။ စုဆောင်းထားတဲ့
ငွေကြေးတွေနဲ့ ခရီးအတူထွက်ကြတယ်။ ဖေဖေ ဆေးရုံတက်တဲ့အထိ၊ ဖေဖေ့ခေါင်းပေါ်က
ဂဏန်းတွေ ခုဂဏန်းပြောင်းသွားတဲ့အထိ သူတို့ဘေးမှာ ကျွန်တော်ရှိနေခဲ့တယ်။
ဖေဖေရဲ့နောက်ဆုံးရက်တွေမှာ ဖေဖေနဲ့မျက်နှာချင်းမဆိုင်ရဲလို့ အတတ်နိုင်ဆုံး
ကျွန်တော်ရှောင်ခဲ့တယ်။ မျက်နှာချင်းဆိုင်ခဲ့ရင်လည်း
ကျွန်တော်ခေါင်းငုံ့ပြီးနေတယ်။ ဖေဖေ့ခေါင်းပေါ်က ဂဏန်းတွေ "၃" "၂" "၁"အဖြစ်
ပြောင်းသွားတာကို ကျွန်တော်ရင်မဆိုင်ရဲခဲ့ဘူး။

ဖေဖေ့ခေါင်းပေါ် "၁"ဂဏန်းတွေ့တဲ့နေ့က လူနာခန်းထဲကနေ ကျွန်တော်ထွက်လာခဲ့ပြီး
လမ်းပေါ်မှာ လျှောက်သွားနေမိတယ်။ ကျွန်တော်ပါးပေါ်မှာ မျက်ရည်တွေ
အဆက်မပြတ်စီးလို့နေတယ်။ မျက်စိရှေ့ကအရာတွေ မှုန်ဝါးဝါးဖြစ်နေခဲ့တယ်။ ဆေးရုံဝမှာ
မေမေကို ကျွန်တော်တွေ့လိုက်တယ်။ မျက်ရည်တွေကို သုတ်ပြီး မေမေကို
ကွှန်တော်ကြည့်လိုက်တယ်။ မေမေ့ခေါင်းပေါ်မှာ "၁" ဂဏန်းကို
ကျွန်တော်ရုတ်တရက်တွေ့လိုက်တယ်။ ဂယောင်ချောက်ချား ဘေးဘီကို
ကျွန်တော်လှည့်ကြည့်လိုက်တယ်။ လမ်းသွားလမ်းလာတွေရဲ့ ခေါင်းပေါ်မှာလည်း
"၁"ဂဏန်းလင်းနေတာကို တွေ့လိုက်မိတယ်။ ကျွန်တော် ကြောက်လန့်တကြား
နောက်ကိုခြေတစ်လှမ်း ဆုတ်လိုက်မိတယ်။ ရုတ်တရက် ဘတ်စ်ကားတစ်စီး ကျွန်တော့်ဆီ
အရှိန်ပြင်းပြင်း ပြေးဝင်လာတယ်။ တုန့်ပြန်ဖို့အချိန်မရလိုက်ခင်
ကျွန်တော်မျက်စိရှေ့အရာအားလုံး မှောင်အတိကျသွားခဲ့တယ်။

အလင်း...... အလင်းတန်းတစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ အော်...
မိုးတောင်စင်စင်လင်းနေပြီ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကမ်းခြေတစ်ခုက
ဘန်ဂလိုဝရန်တာမှာ ကျွန်တော်ရောက်နေတယ်။ အိပ်မက်ထဲက နတ်မင်းပေးတဲ့
"မွေးနေ့လက်ဆောင်" ကို ကျွန်တော်ကျေးဇူးတင်မိတယ်။ ဒီလက်ဆောင်ကြောင့်
ကျန်ရှိနေတဲ့လမ်းကို ဘယ်လိုဆက်လျှောက်ရမယ်ဆိုတာကို ကျွန်တော်နားလည်လိုက်တယ်။

နောက်ပြန်ရေတွက်တဲ့ကိန်းကိုတွေ့မှ ကျွန်တော်တို့ဟာ မိသားစု၊ ချစ်သူ၊ သူငယ်ချင်း
မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေကို "ဒီတစ်ကြိမ်ပဲ တွေ့ရတော့မယ်" ဆိုပြီး
တန်းဖိုးထားကြမလား?

ဒီနေ့ကစ မိဘ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊ မိသားစု၊ ချစ်သူရည်းစားတွေနဲ့
တွေ့ဆုံတဲ့အခါ တန်ဖိုးထားတတ်ကြဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။ အကြောင်းက
နောက်ပြန်ရေတွက်တဲ့ကိန်းတွေ ကျွန်တော်တို့ဆီ အချိန်မရွေး
ကျရောက်နိုင်လို့ဖြစ်တယ်!


http://share.youthwant.com.tw/sh.php?id=31022906&do=D

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

နိုင်ငံရေးဆိုတာက ........


> တစ်နေ့တွင် သားဖြစ်သူက သူ့ဖခင်ကိုမေး၏။
> “ဖေဖေ...နိုင်ငံရေးဆိုတာ ဘာလဲဟင်”
> ဖခင်ဖြစ်သူက “ကောင်းပြီ..ငါ့သား...မင်းကို ဖေဖေ ဥပမာနဲ့ ရှင်းပြမယ်”
>
> “အင်း...ဖေဖေ က ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးဖြစ်တာကြောင့် ဖေဖေ့ကို သမ္မတလို့
> မှတ်လိုက်ပေါ့ကွာ...
> မင်းမေမေကတော့ ငွေကြေးစီမံခန့်ခွဲသူမို့ အစိုးရပေါ့ကွာ...
> ဖေဖေတို့တွေက သားရဲ့လိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနေရတာဆိုတော့ သားကတော့
> ပြည်သူလူထု နေရာကပေါ့...
> နောက်...ဖေဖေတို့အိမ်က ကလေးထိန်းကတော့ အလုပ်သမား လူတန်းစားပေါ့ကွာ...
> သားရဲ့ညီလေးကိုတော့ အနာဂတ်လို့ သတ်မှတ်လိုက်ရအောင်...
> ကဲ...အခုဖေဖေပြောတဲ့ ဥပမာကို သေသေချာချာ စဉ်းစားပြီး ငါ့သား
> ဘယ်လိုနားလည်လဲဆိုတာ ဖေဖေ့ကိုပြောပြ..ဟုတ်ပြီလား...”
> ဒါနဲ့ သားဖြစ်သူက အဲဒီအကြောင်းကို စဉ်းစားရင်းနဲ့ အိပ်ပျော်သွားတယ်။
> ညသန်းခေါင်ကျတော့ သူ့ညီငယ်လေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြားတော့
> ဘာဖြစ်တာပါလိမ့်ကို သွားကြည့်တဲ့အခါမှာ...
> ကလေးက အနှီးထဲမှာ အညစ်အကြေးတွေနဲ့ ပေရေနေတာကို တွေ့လိုက်ရတယ်။
> ဒါနဲ့ပဲ...သူ့ညီလေးကို အနှီးအသစ်လဲပေးဖို့အတွက် သူ့အမေဆီကို သွားကြည့်တဲ့အခါ
> အမေလုပ်သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို တွေ့ရတယ်။
> အမေကို့ မနိုးစေချင်တဲ့ သားငယ်လေးဟာ ကလေးထိန်းကို သွားရှာမယ်ဆိုပြီး
> ကလေးထိန်းရဲ့ အခန်းရှေ့ကိုရောက်တော့ တံခါးပိတ်ထားတာကို တွေ့ရပြန်ရော။
> ဒါနဲ့ သော့ပေါက်လေးကနေချောင်းကြည့်လိုက်တော့ သူ့ဖခင်ဖြစ်သူကို
> ကလေးထိန်းအမျိုးသမီးနဲ့ အတူတူ အိပ်ယာပေါ်မှာ တွေ့လိုက်ရတယ်။
> နောက်ဆုံးတော့ သူလည်း လက်လျော့ပြီး ပြန်အိပ်လိုက်တော့တယ်။
> နောက်နေ့မနက်လင်းတော့ ဖခင်ဖြစ်သူဆီသွားပြီး ...
> “ဖေဖေ...သား..နိုင်ငံရေးရဲ့သဘောတရားကို နားလည်သွားပြီ...” လို့ပြောလိုက်တယ်။
> “ကောင်းတယ်..ငါ့သား..ဒါနဲ့ မင်းနားလည်သလို ဖေဖေ့ကို ပြန်ပြောပြစမ်း ” လို့
> ဖခင်ကပြောလိုက်တယ်။
> “သမ္မတက အလုပ်သမားလူတန်းစားနဲ့ ဖောက်ပြန်နေချိန်မှာ အစိုးရက
> နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်...
> ပြည်သူလူထုကတော့ လျစ်လျူရှုခံထားရပြီး အနာဂတ်ကတော့
> ရစရာမရှိအောင်စုတ်ပြတ်နေတာပဲ...” လို့ပြောလိုက်တယ်။

Miss Myanmar, Moe Set Wine.


                                            Miss Myanmar, Moe Set Wine.



Moe Set Wine (born in Yangon on May 20, 1988) is a Myanmar beauty pageant titleholder who won Miss Universe Myanmar title in 2013. She will represent Myanmar in Miss Universe 2013 in Moscow, Russia. Wine will be the first lady from Myanmar to represent the country in Miss Universe since 1961.She will represent Myanmar under its new name, the last one representing the country represented under its earlier name Burma.

*သတိထားလေ အမှားလုပ်မိလေ*



တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက
ဘုန်းကြီးတစ်ပါးဟာကိုရင်တစ်ပါးကို တောင်အောက်လွတ်ပြီး
ဆီအဝယ်ခိုင်းခဲ့တယ်။
ကိုရင်ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး "
ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင်
ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်" လို့ သတိပေး မှာကြားလိုက်တယ်။ ကိုရင်က
တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။
လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ
အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး
တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို
ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ
ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး
ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် ဖိတ်သွားခဲ့တယ်။
ဘုန်းကြီးဆူတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုရင်ဟာ ကြောက်လန့်ပြီး
လက်တွေတုန်လာခဲ့တယ်။ ဆီခွက်ကို အငြိမ်မကိုင်နိုင်ခဲ့လို့ ဆီခွက်ဟာ
မီးဖိုချောင်အရောက်မှာ တစ်ဝက်သာကျန်ခဲ့တော့တယ်။

ဒါကို ဘုန်းကြီးကသိတော့ ကိုရင်ကို စိတ်ဆိုးပြီး "သေချာယူခဲ့ပါလို့
မှာထားရက်နဲ့ ဖိတ်ဖြစ်အောင်ဖိတ်ခဲ့သေးတယ်" ဆိုပြီး ဆူတော့ ကိုရင်
စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒီအဖြစ်ကို တစ်ခြားဘုန်းကြီးတစ်ပါးက သိတော့
ကိုရင်ကိုခေါ်ပြီး နှစ်သိမ့်လိုက်တယ်။ အဲဒီနောက် ကိုရင်ကိုခေါ်ပြီး
"ကိုရင်ကို ဆီသွားဝယ်ခိုင်းအုန်းမယ်။ ဒီတစ်ခေါက်သွားရင် လမ်းပေါ်မှာ
ကိုရင်တွေ့တဲ့ လူ၊ ပစ္စည်းမှန်သမျှ ဘုန်းကြီးကို ပြန်လျှောက်ရမယ်" လို့
မှာလိုက်တယ်။

ဘုန်းကြီးစကားကို ကြားတော့ ကိုရင်က မသွားချင်ခဲ့ဘူး။ ပထမတစ်ခေါက်က
ဆီခွက်ကို မဖိတ်အောင် မယူနိုင်ခဲ့တဲ့အပြင် ဒီတစ်ခေါက်က ဘေးဝဲယာကို
ကြည့်ရမယ်ဆိုတော့ ဒီအလုပ်ကို သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေခဲ့တယ်။
ဒါပေမယ့် ဘုန်းကြီးရဲ့ တိုက်တွန်းမှုကြောင့် မဖြစ်မနေ သူသွားခဲ့ရပြန်တယ်။

ဆီဝယ်ပြီး အပြန်လမ်းမှာ ကိုရင်က ဘေးဝဲယာကို ကြည့်ပြီး ပြန်လာခဲ့တယ်။
ပျော်ပျော်ပါးပါး ဆော့ကစားနေကြတဲ့ ကလေးတွေ၊ တောတောင်ရဲ့အလှကို ခံစားရင်း၊
လယ်သမားတို့ရဲ့ လှေကားထစ် စိုက်ခင်းတွေကို ကြည့်ရှုရင်း စိတ်တွေက
ပေါ့ပါးနေခဲ့တယ်။ ပတ်ဝန်းကျင်အလှမှာ နစ်မျှောနေခဲ့လို့
ဘုန်းကြီးကျောင်းရှေ့ သူရောက်လို့ရောက်လာမှန်း မသိခဲ့ဘူး။
မီးဖိုချောင်ရောက်တဲ့အထိ ခွက်ထဲက ဆီက တစ်စက်မှတောင် မဖိတ်ခဲ့ပါဘူး။

သတိထားလေ အမှားလုပ်မိလေပါပဲ။ ဒါကြောင့် သင်ယူချိန်မှာဖြစ်ဖြစ်၊
အလုပ်ချိန်မှာဖြစ်ဖြစ် စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး အတွေ့အကြုံအတွက်
သင်ယူလေ့လာနိုင်ခဲ့ရင် အကောင်းဆုံးပါ။ အတွေ့အကြုံထဲကနေ ဘဝရဲ့
ပျော်ရွှင်မှုကို ရှာဖွေတတ်သူတွေကမှ စိတ်ရဲ့ဖိစီးမှု၊ စိတ်ညစ်မှုတွေနဲ့
ကင်းဝေးမှာဖြစ်တဲ့အကြောင်း ဒီပုံပြင်က ပြောသွားခဲ့ပါတယ်။

အသက်ရှင်ရေး


"အသက်ရှင်ရေး''
ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေက
သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင်
သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား
တံငါသည်တွေရဲ့ လှေနဲ့တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက
ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ်။ ဒါကြောင့်
သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။
နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုဆောင်းမိပြီး အရွယ်ထောက်လာတာကြောင့်
ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့ လျှို့ဝှက်ချက်
သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ Catfish လို့ခေါ်တဲ့
ငါးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို Catfish နဲ့အတူ
ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း
ကိုက်ဖြတ်ကြတယ်။ Catfish ရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေ
ပြန်ခုခံခဲ့ရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန်
တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ
ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်က ဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင် သေရတဲ့ ငါးရှဥ့်တွေက
သူတို့ကို ဖမ်းမိသွားပြီ။ ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ
မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့
အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က အလွယ်တကူ ပျက်စီးခဲ့ရတယ်။ ဒါကြောင့်
လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့်
ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က
ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီး ကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ
ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့
ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက
ယနေ့အာရှမှာ အတိုးတက်ဆုံး နိုင်ငံဖြစ်ခဲ့တယ်။

Thursday, October 10, 2013

Facebook ထဲက comment , like & share !!!












          

                ဒီနေ့ error စဉ်းစားမိတာလေးတစ်ခုကို ရေးချင်လို့ရေးလိုက်တာပါ။
error တို့အားလုံးက ဒီနေ့ခေတ်ရဲ့လူငယ်တွေဆိုတော့ internet ကို မသုံးသူမရှိသလောက်ပါပဲ။
Internet လို့ပြောလိုက်တာနဲ့ Gmail, Facebook,VZO, Twitter ဆိုတာတွေကို တော်တော်များများတွေးမိကြမှာပါ ။ ဒါတွေက လူသုံးများတဲ့ဆိုက်တွေပဲ။
အဲဒါတွေထဲကမှ error အဓိကပြောချင်တာက  Facebook ထဲကအကြောင်းတွေပါ။
အရင်တုန်းကတော့ Facebook ကိုဖွင့်တယ် သူငယ်ချင်းရှိမရှိကြည့်တယ် ၊သူတို့ဘာတွေအကြောင်းတွေတင်ထားလဲကြည့်တယ်၊
online မှာရှိတဲ့သူငယ်ချင်းနဲ့စကားပြောတယ်။ အများဆုံးလုပ်ဖြစ်တာက ဒီလောက်ပဲ။
အခုနောက်ပိုင်းမှ သူငယ်ချင်းတွေအကောင့်ထဲမှာရှိတဲ့လူတွေ ၊ တခြားအကောင့်တွေ ၊
Facebook ထဲမှာတွေ့သမျှ account တွေကိုဝင်ကြည့်တော့မှ
ပြသနာပေါင်းမြောက်များစွာကိုတွေ့ရတော့တာပါပဲ ။
ဒေါ်စုနဲ့ပတ်သက်ပြီးတစ်ဖက်နဲ့တစ်ဖက်အငြင်းပွားမှုတွေ ၊
ဦးသိန်းစိန်နဲ့ပတ်သက်တဲ့မကျေနပ်ချက်တွေ ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမြင်မတူညီမှုတွေ ၊
စစ်တပ်နဲ့ပတ်သက်ပြီးတစ်ဖက်နဲ့တစ်ဖက် အမြင်မကြည်လင်မှုတွေ ၊
လူမျိုးရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ၊ အဲဒီလိုကိစ္စပေါင်းများစွာကို
တွေ့ရပါတယ် ။ အဲဒါတွေက ပြသနာလားဆိုတော့ မဟုတ်ဘူးဗျ ။
အဲဒီလိုမျိုး Facebook မှာတစ်ယောက်တင်လိုက်တဲ့အကြောင်းအရာကို အများစုက
ဝိုင်းပြီးတော့ comment တွေပေးကြ ၊ Like တွေလုပ်ကြ ၊ Share လုပ်ကြနဲ့
ပျော်စရာကောင်းပါတယ် ။ ဒါပေမဲ့ စုန်းပြူးဆိုတာက နေရာတကာမှာပါတယ်ဗျ။
ဒီအတိုင်းအမြင်မတူညီလို့ သဘောမတူတဲ့အကြောင်း comment ပေးတာက
Facebook ရဲ့သင်္ကေတတစ်ခုပါပဲ ။ ဒါပေမဲ့ ဆဲဆိုပြီးပြောတာတွေ ၊ မိုက်မိုက်ရိုင်းရိုင်းပြောတာတွေကတော့
မဖြစ်သင့်ဘူးလို့ထင်တာပဲ။
လူဆိုတာက တစ်ယောက်နဲ့တစ်ယောက်အမြင်မတူနိုင်ဘူးလေ ။ အမြင်မတူရင်ရိုင်းရမယ်လို့လည်း
ဘယ်တရားထဲမှာမှမပါပါဘူးဗျာ ။ ဒီတော့ ကိုယ်နဲ့မတူကိုယ့်ရန်သူလို့မသတ်မှတ်ဘဲနဲ့
ဒီအတိုင်းလေး ကျော်ဖတ်လိုက်ပေါ့ မဟုတ်ဘူးလား။
နောက်တစ်ခုပြောချင်တာက Facebook ကိုသုံးပြီး လူတစ်ဖက်သားကိုအပုပ်ချတာတွေ ၊
ကဲ့ရဲ့ရှုတ်ချတာတွေ လုပ်တဲ့အကြောင်းတွေပါ။
အဲဒီလိုလုပ်လိုက်လို့ ကိုယ့်အတွက်ဘာများထူးလာနိုင်လို့လဲ။
ကိုယ့်ရဲ့အဲဒီလိုမိုက်ရိုင်းတဲ့လုပ်ရပ်ကြောင့် ခံရတဲ့သူခမျာ
ဘယ်လောက်ဝမ်းနည်းလိုက်မလဲ ။
ကိုယ်မလုပ်ထားတာတွေနဲ့ကိုယ်မဟုတ်တဲ့အကြောင်းအရာတွေအတွက်
ပြန်ရှင်းပြရတာတွေက ကာယကံရှင်အတွက်တော့
တော်တော်စိတ်ညစ်ဖို့ကောင်းတဲ့ကိစ္စပါ။
ကိုယ်ပြောတာတွေအားလုံးက အမှန်တွေချည်းပဲဆိုဦးတော့
တစ်ဖက်သားနစ်နာမယ့်ကိစ္စမျိုးကို ဘာလို့လုပ်ချင်တာလဲ ။
ဒါကတော့ စိတ်ဓာတ်နဲ့ဆိုင်သွားပြီလို့ထင်တာပဲဗျ ။
အဲဒီလိုမျိုးတွေတင်မယ့်အစား ဗဟုသုတရနိုင်တာတွေ ၊ ကိုယ့်ရဲ့ခရီးသွားအတွေ့အကြုံတွေ ၊
ကိုယ့်ရဲ့ကိုယ်တွေ့ဖြစ်ရပ်တွေ ၊ ဟာသတွေ ၊နောက်ပြီး တင်လို့ရတဲ့ အကြောင်းအရာတွေအများကြီးပါဗျာ။
ဥပမာဗျာ - ကိုသက်တန့်ချိုလိုမျိုးပေါ့ ။ သူတင်လိုက်တဲ့ status တွေတိုင်းက အကျိုးရှိတဲ့အကြာင်းအရာတွေပဲဗျ ။(ဒါက error တစ်ယောက်တည်းရဲ့
အမြင်လည်းဖြစ်ချင်ဖြစ်မှာပေါ့ ) ။ အဲဒီအစ်ကိုကြီးကို အပြင်မှာလည်းမမြင်ဖူးဘူးဗျ။
သိလည်းမသိဘူး ။ဒါပေမဲ့ သူရေးတဲ့စာတွေဖတ်ပြီး သူ့ကိုတော့လေးစားမိတယ်။
အဲဒီလိုပြောလိုက်လို့ ကျန်တဲ့သူတွေကိုမလေးစားလို့မဟုတ်ဘူးနော် ။
အကုန်လုံးထည့်ပြောနေရင် စာကအရှည်ကြီးဖြစ်သွားလိမ့်မယ် ။

အခုတောင်စာကတော်တော်ရှည်နေပြီ။ :P
ဒါတွေက error တွေးမိတဲ့အကြောင်းအရာလေးတချို့ပါ ။
error လည်း အများကြီးသိလို့ရေးတာမဟုတ်ပါဘူး။ အဲဒီတော့
error ရဲ့စာထဲမှာအမှားပါရင်လည်း ခွင့်လွှတ်ဖို့ တောင်းဆိုချင်ပါတယ် ။
               
                                                                            error virus





Tuesday, October 8, 2013

ဆီမီးထွန်းညှိပူဇော်ကြစို့ ...



ဘုရားရှင်ဟာ သီတင်းကျွတ်လပြည့်နေ့မှာ
အဘိဓမ္မာတရားဟောလို့ပြီးဆုံးသွားတဲ့အခါ
တာဝတိံသာနတ်ပြည်ကနေလူ့ပြည်ကိုပြန်ကြွတော်မူပါတယ်။
သိကြားမင်းက တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်သင်္ကဿမြို့အထိ

စောင်းတန်းကြီး(၃)သွယ် ဖန်ဆင်းပေးပါတယ်။
လက်ျာဘက်ရွှေစောင်းတန်းကနေ နတ်တွေခြံရံလိုက်ပါလာကြတယ်။
လတ်ဝဲဘက်ငွေစောင်းတန်းကနေ ဗြဟ္မာတွေခြံရံလိုက်ပါလာကြတယ်။
အလယ်ပတ္ကမြားစောင်းတန်းကနေ ဘုရားရှင်က ရောင်ခြည်တော်(၆)သွယ်ကွန့်မြူးပြီး အံ့သြစဖွယ်တင့်တယ်စွာ သင်္ကဿမြို့ကိုဆင်းကြွတော်မူခဲ့ပါတယ်။
အဲဒီလို နတ်ပြည်ကနေလူ့ပြည်ကို

တင့်တယ်သပ္ပာယ်စွာ ဆင်းကြွတော်မူခဲ့တဲ့ဘုရားရှင်ကိုအာရုံပြုပြီး
သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်
ဆီမီးတွေ ထွန်းညိုပူဇော်ပြီးကုသိုလ်ယူနေကြတာပါ။
ယခုအချိန်ကသီတင်းကျွတ်လလည်းရောက်နေပြီဖြစ်သောကြောင့်
ဆီမီးများထွန်းညှိပူဇော်ဖို့နဲ့
မိဘ ၊ဆရာသမားများ ၊ဘိုးဘွားတို့ကို
ကန်တော့ပြီးကုသိုလ်ယူနိုင်ဖို့ မမေ့ကြနဲ့ဦးနော် ...။